Monday 27 June 2011

အသျှင်မဟာမောဂ္ဂလ္လာန်

၁-ပါတိမောက်ပြရန် တောင်းပန်ခြင်း

၃၈၃။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရသူဌေး၏ မိခင်သဖွယ်ဖြစ်သော ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံး နေတော်မူသောအခါ ဥပုသ်နေ့၌ ရဟန်းသံဃာ ခြံရံလျက် ထိုင်နေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ညဥ့်နက်သည်ဖြစ်၍ ပဌမယာမ် လွန်လတ်သော် နေရာမှထကာ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီ လျက်-

''အသျှင်ဘုရား ညဥ့်နက်ပါပြီ၊ ပဌမယာမ် လွန်ပါပြီ၊ ရဟန်းသံဃာသည် ကြာမြင့်စွာ ထိုင် နေရပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါ''ဟု လျှောက်၏။

ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဥ့်နက်သည်ဖြစ်၍ မဇ္ဈိမယာမ် လွန်လတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်-

''အသျှင်ဘုရား ညဥ့်နက်ပါပြီ၊ မဇ္ဈိမယာမ် လွန်ပါပြီ၊ ရဟန်းသံဃာသည် ကြာမြင့်စွာ ထိုင် နေရပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါ''ဟု လျှောက်၏။

နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူ၏။ သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဥ့်နက်သည်ဖြစ်၍ ပစ္ဆိမယာမ် လွန်လတ်သော် အရုဏ်တက်သည် ဖြစ်၍ ညဥ့်သည် နှစ်သက်ဖွယ် မျက်နှာရှိလတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်-

''အသျှင်ဘုရား ညဥ့်နက်ပါပြီ၊ ပစ္ဆိမယာမ် လွန်ပါပြီ၊ အရုဏ်တက်ပါပြီ၊ ညဥ့်သည် နှစ်သက်ဖွယ် မျက်နှာရှိပါပြီ၊ ရဟန်းသံဃာသည် ကြာမြင့်စွာ ထိုင်နေရပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါ''ဟု လျှောက်၏။

''အာနန္ဒာ ပရိသတ်သည် မစင်ကြယ်''ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်အား ''မြတ်စွာဘုရားက အဘယ်သူကို ရည်၍၊ အာနန္ဒာ ပရိသတ်သည် မစင်ကြယ်''ဟု မိန့်တော်မူသနည်းဟူ၍ အကြံဖြစ်၏။ ထို့နောက် အသျှင်မဟာမောဂ္ဂလ္လာန်သည် ရဟန်းသံဃာ အလုံးစုံ၏ စိတ်ကို (မိမိ၏) စိတ်ဖြင့် ပိုင်းခြား၍ နှလုံးသွင်းတော်မူ၏။

အသျှင်မဟာမောဂ္ဂလ္လာန်သည် ယုတ်ညံ့သော အကျင့်ရှိသော မစင်ကြယ်သည် ဖြစ်၍ ယုံမှားတွေး တောဖွယ် အကျင့်ရှိသော အမှုကို ဖုံးကွယ်သော ရဟန်းမဟုတ်ဘဲ ရဟန်းဟုဝန်ခံသော မြတ်သော အကျင့်ကို မကျင့်ဘဲ မြတ်သော အကျင့်ကို ကျင့်၏ဟု ဝန်ခံသော အတွင်းပုပ်သော ကိလေသာမိုးစွတ်သော အမှိုက်ကဲ့သို့ ဖြစ်သော ရဟန်းသံဃာအလယ်၌ ထိုင်နေသော သီလမရှိသော 'ဒုဿီလ'ပုဂ္ဂိုလ်ကို မြင်၍ နေရာမှထပြီးလျှင် ထိုပုဂ္ဂိုလ်ထံသို့ ချဉ်းကပ်ပြီးလျှင် ''ငါ့သျှင် ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်၏၊ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှု မရှိ''ဟု ဆိုသော်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။

နှစ်ကြိမ်မြောက်လည်း အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို ''ငါ့သျှင် ထလော့၊ မြတ်စွာ ဘုရားသည် သင့်ကို မြင်၏၊ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှုမရှိ''ဟု ဆိုသော်လည်းထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။

သုံးကြိမ်မြောက်လည်း အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို ''ငါ့သျှင် ထလော့၊ မြတ်စွာ ဘုရားသည် သင့်ကို မြင်၏၊ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှုမရှိ''ဟု ဆိုသော်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို လက်မောင်း၌ကိုင်၍ တံခါးမုခ်မှ အပြင်သို့ ထွက်စေ၍ မင်းတုပ်ငယ် မင်းတုပ်ကြီးကို လျှို၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင်ဘုရား အကျွန်ုပ်သည် ထိုပုဂ္ဂိုလ်ကို ထွက်စေအပ်ပါပြီ၊ ပရိသတ်သည် စင်ကြယ်ပါပြီ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါလော့''ဟု မြတ်စွာဘုရားအား လျှောက်၏။

''မောဂ္ဂလ္လာန်အံ့ဖွယ်တည်း၊ မောဂ္ဂလ္လာန် မဖြစ်ဖူးမြဲ ဖြစ်၏၊ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသည် လက်မောင်းကိုကိုင်သည်တိုင်အောင်သော်လည်း ဆိုင်းငံ့ဘိ၏''ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို-

No comments:

Post a Comment